Wednesday, March 19, 2008

20.03.2008

ကျွန်မ၏ မွေးနေ့ကိုရောက်လာပါပြီ ဒီနေ့လေးသည် ကျွန်မရဲ့မွေးနေ့ပေါ့

ကျွန်မ၏အသက် ငွေရတုကို တစ်နှစ်တောင်စွန်းနေပါရောလား၊

ကျွန်မအသက် တစ်နှစ် ကြီးခဲ့ပြန်ပါပြီ၊

ကျွန်မ၏မွေးနေ့တွင် ကျွန်မကိုအသက်နဲ့ရင်းပြီး မွေးပေးခဲ့သော ကျွန်မ၏ မေမေကို စိတ်မှာရည်မှန်းပြီး ကန်တော့လိုက်ပါတယ်။ ကျွန်မကို ဘ၀နဲ့ရင်းပြီး ရှာဖွေ ကျွေးမွေးခဲ့သော ကျွန်မ၏ ဖေဖေ ကိုလည်း စိတ်ကနေ ရည်မှန်းပြီး ကန်တော့ လိုက်ပါတယ်။ အခုသမီး ဝေးသောနေရာတွင် ရောက်နေပေမဲ့လည်း စိတ်ကသာ အဓိကမို့ တကယ်စိတ်ရင်း ဖြူစင်စွာဖြင့် မိဘနှစ်ပါးလုံးကို ရိုသေလေးစားစွာ ကန်တော့လိုက်ပါတယ်.. “ ဖေဖေ+မေမေ ”

ကျွန်မကို ကျွန်မ၏မေမေက လူ့လောထဲသို့ ကောင်းမွန်စွာနဲ့ ခေါ်ဆောင်လာခဲ့ ပေမဲ့လည်း ကျွန်မကတော့ တခြားလုပ်စရာတွေကို မပြောပါနဲ့ ကျွန်မနဲ့ ဆက်စပ်နေသော ၀န်းကျင်မှာတောင် အကြိုးရှိအောင် ဘာမှ မစွမ်းဆောင်နိုင် သေးပါလား၊ ကြိုးစားဆဲပါ၊ ဆက်လက်ပြီးလည်း ကြိုးစားသွားနေရဦးမှာပါ။

ကျွန်မကို ဒီအသက်အရွယ်ထိရောက်အောင် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားခဲ့ကြသော ကျွန်မ၏မိဘ(ဖေဖေနှင့်မေမေ) ကို ကျွန်မ အရမ်း ချစ်ခင်၊ လေးစားရင်း ကျွန်မ၏မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ရန် ကြိုးစား နေပါသည်။

ကျွန်မအခုမွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာအတွင်း ကျွန်မချစ်သောသူများ အတွက် ကျွန်မ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်အောင် ကြိုးစားသွားပါမည်။

ကျွန်မ၏မွေးနေ့တွင် ကျွန်မချစ်သောသူများနှင့် အရမ်းကိုအလှမ်းကွာဝေးလွန်း သောနေရာတွင် ရောက်နေပေမဲ့ ကျွန်မပျော်အောင်နေရပါမည်၊

မွေးနေ့တွင် အရင်ရှိနေကျ စိတ်နေစိတ်ထားထက် ပိုမိုကောင်းမွန်သော စိတ်ထားဖြင့် မနက်နိုးထလာရန် အရေးကြီးသည်မဟုတ်ပါလား၊

အလွန်သာယာသော နံနက်ခင်းလေးပါ၊ စိတ်ကြည်လင်စွာနဲ့ မနက်အိပ်ရာကထပြီး ဖေဖေနှင့်မေမေဆီ ဖုန်းဆက်ရင်း မေမေက ကျွန်မမွေးနေ့အတွက် ဆေးပဒေသာပင် ဘုန်းဘုန်းကျောင်းတွင်လှူပေးရန် စီစဉ်ထားကြောင်းပြောပြပါတယ်၊ အမှန်က ကျွန်မသည် ကျွန်မ၏မိဘအတွက် လုပ်ပေးရမည်ကို ဖေဖေ၊မေမေက ကျွန်မအတွက် လုပ်ပေးမည်ဆိုတော့ ပြောင်းပြန်ဖြစ်နေပြန်ပါပြီ၊ သြော်မိဘတွေရဲ့ ပြန်ရရမယ်လို့ မျှော်လင့်မထားသော မေတ္တာတရားပါလား၊ အလွန်ကိုမြင့်မြတ်လှပါသည်။

ကျွန်မအရမ်းဝမ်းသာပါသည်။ ကျွန်မ၏ ဖေဖေ၊မေမေ ကို ဖုန်းထဲကပဲ ကန်တော့လိုက်ပါတယ်လို့ ပြောရင်း စိတ်ကရည်မှန်းပြီး ကန်တော့ လိုက်ပါတယ်၊ မေမေက ကျွန်မကို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုပေးပါတယ်၊ ကျွန်မမိဘတွေနှင့် မိနစ်25 လောက်တော့ ဖုန်းပြောခဲ့ရင်း ဖုန်းကဒ် ကုန်သွားပါတယ်၊ ဒီနေ့ အရင်ရက်တွေထက် လန်းဆန်းနေပါတယ်၊

သြော် နောက်နှစ် ကိုယ့်ရဲ့ မွေးနေ့ပြန်မရောက်ခင် တစ်နှစ်အတွင်း အကောင်းဆုံးဖြစ်အောင် စတင်ဆောင်ရွက်ရပါတော့မည်၊ မိဘ၊ ချစ်သူ၊ မောင်လေး၊ မိတ်ဆွေသူငယ်ချင်း များအတွက် အရင်နှစ်ထက် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးနိုင်မည်လို့ ယုံကြည်လျက်ပါ။

ဒီနေ့ ကျွန်မ မနက်စောစော ထမင်းချက်ပြီး ဘုရားဆွမ်းကပ်၊ ဘုရားသောက်တော်ရေကပ်၊ ဘုရားရှိခိုးပြီးတော့ ကျွန်မမိဘ ကို ရည်မှန်းကန်တော့၊ ခုနှစ်ရက်သားသမီးများကို မေတ္တာပို့ဆုတောင်းပေးခြင်း၊ များကိုသာ လုပ်ပေးနိုင်ပါသော်လည်း စိတ်ထဲ အလွန် ကြည်နူး နေမိတာအမှန်ပါ၊

အရင်တစ်နှစ်က ကျွန်မမွေးနေ့တွင် ကျွန်မစင်္ကာပူနိုင်ငံကို စတင် ရောက်ရှိတဲ့ နေ့ပေါ့၊ မအူမလည်နဲ့ ဘာမှမလုပ်တတ်၊ မကိုင်တတ်နှင့် တော်တော်လေး ၀မ်းနည်းခဲ့ရပါတယ်၊ ကျွန်မကို ဘယ်သူမှလည်း ဘာမှမပြောပြပဲ ကျွန်မကို တစ်ယောက်တည်း အလုပ်တွေစခိုင်းခဲ့ပါတယ်၊ ကျွန်မလည်းနားမလည်၊ ဘာသာစကားကလည်း စစချင်းနားကိုမလည်တာပါ၊ ပြီးတော့ ဘယ်မှလည်း မသွားတတ်တာကို လိပ်စာလေးပေးပြီး အလုပ်ကိစ္စတွေကို စတင်ပြီး သွားခိုင်းခဲ့ပါတယ်၊ ကျွန်မနေသောနေရာကိုလည်း မပြန်တတ်ပေမဲ့လည်း လိုက်ပို့ရန်မပြောရဲခဲ့ပါ၊ ကျွန်မအိမ်ကို ပြန်ရောက်တော့လည်း ဘာစားရမှန်း မသိခဲ့ပါ၊ ကျွန်မတွင်ပိုက်ဆံရှိပါသော်လည်း ဘာဝယ်စားရမှန်းမသိခဲ့ပါ၊ ဘယ်လိုပြောပြီးဝယ်စားရမှန်းလည်းမသိခဲ့ပါ၊ အိမ်တွင်ချက်စားရအောင်လည်း ဘယ်လိုကဘယ်လိုချက်စားရမည်မှန်းမသိလို့ ကျွန်မ (၃-၄) ရက်လောက် စားရတာအဆင်မပြေခဲ့ပါ၊ ထမင်းကိုပုံမှန်မစားရပဲ ထမင်းမစားခဲ့ရသော အချိန်များတောင် ရှိခဲ့ပါတယ်၊ ကျွန်မအရမ်းငိုချင်ခဲ့ပေမဲ့ ကျွန်မအဲဒီအချိန်က မျက်ရည်မကျခဲ့ပါ၊ နောက်ပိုင်းတော့ နည်းနည်း အားငယ်ချင်လာမိလို့ ငိုမိခဲ့ပေမဲ့လည်း ဘယ်သူမှ မသိနိုင်ခဲ့ပါ၊ နောက်ရက်တွေမှာ ကျွန်မနေခဲ့သော အိမ်ရှင်က သဘောကောင်းပါတယ်၊ သူကိုယ်တိုင် အားလုံးပြောပြလိုက်ပြပါတယ်၊ နောက်ပိုင်းတော့ ကိုယ့်အားကိုယ်ကိုးရမှာပဲဆိုပြီး အရာရာကို မကြောက်အောင် အားတင်းရင်း နေခဲ့တာပေါ့

ဒီလိုနဲ့ အခုဆို တစ်နှစ်တောင်ပြည့်ခဲ့ပါပြီရော၊ အားလုံးမဟုတ်တာတောင် အရင်ရလောက် မဆိုးတော့ပါဘူး၊ နေနိုင်နေပါပြီ၊ စင်္ကာပူအစားအစာဖြစ်သော ကြက်ဥ၊ ကြက်သားများကို နေ့တိုင်းစာရင်း ပျော်ရွင်အောင်နေတတ်၊ လုပ်ကိုင်တတ်နေပါပြီပေါ့နော်

ကျွန်မ၏မွေးနေ့တွင် ကျွန်မ၏မိဘတွေနှင့် ဖုန်းပြောရသလို၊ ကျွန်မ၏ မောင်လေးအတွက် သူလိုအပ်တာတွေကို လူကြုံနဲ့ ထည့်ပေးခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပေမဲ့လည်း ...

ကျွန်မချစ်သူအတွက် ကျွန်မဘာမှ မလုပ်ပေးနိုင်သေးတာကိုတော့ စိတ်မကောင်းပေမဲ့လည်း ကျွန်မကို နားလည်ပေးနေသော ချစ်သူကို ကျွန်မဒီထက်ပိုပြီး လေးလေးနက်နက်ချစ်နေ၊ မျှော်လင့်နေ မည်ဆိုတာတော့ ချစ်သူ ယုံကြည်ပေးရင်ပဲ ကျေနပ်ပါပြီ။

No comments: