Friday, January 18, 2008

“ဟဲလို” အမေ

“ကျွန်တော် နေကောင်းပါတယ်၊ အားလုံးလည်း အဆင်ပြေပါတယ်၊”
ပုံမှန်ပြောနေကြစကားများပါ။ ဒါပေမဲ့လည်း………
‘အမေ’ ကျွန်တော် ဘာတွေခံစားနေရသလဲ ဆိုတာ အမေများသိနိုင်ပါ့မလား၊ ကျွန်တော်အဆင်ပြေကောင်းမွန်စွာ နေထိုင်စားသောက်နေရမယ်လို့ အမေ တွေးမိနေပါသလား၊ အမေ စိတ်မပူစေရန်သာ အရေးကြီးဆုံးမို့ ကျွန်တော် ဒီမှာနေရတာ အားလုံးအစစအရာရာ အဆင်ပြေပါတယ်လို့ ပြောခဲ့တဲ့ အချိန်တိုင်း အမေ ယုံကြည်နေပါသလား၊ ကျွန်တော် အမေ့ ကို အရင်က ဘာတွေပဲဖြစ်လာဖြစ်လာ အားကိုးတကြီးနဲ့တိုင်ပင် ပြောဆိုတတ်သော အကျင့်၊ ဘာပဲဖြစ်ဖြစ် အမေ ပြောပြရှင်းပြပေးလျှင် ခွန်အားတွေ ပြန်တက်လာကာ ဘယ်သူကိုမှ ကြောက်စိတ်မရှိတော့ပဲ ရင်ဆိုင်ရဲခဲ့သော အကျင့်၊ အမေရှိလျှင် ဘ၀တွင် အရာရာပြည့်စုံပြီလို့ ခံစားရသော အကျင့်၊ များစွာသော ခံစားချက်များသည် အခု ကျွန်တော် အမေနဲ့ ဝေးနေချိန်များတွင် ဘယ်သူကိုများ သွားပြောရပါမည်နည်း၊ အမေ နဲ့ စစချင်းဝေးနေခဲ့ရသော ရက်များသည် တော်တော်နေရထိုင်ရ ခက်ခဲခဲ့ပါသည်။ ကျွန်တော်ရင်ထဲတွင် ဖြစ်ပေါ်နေသော စိုးရိမ်ကြောက်လန့်စိတ်၊ အားငယ်စိတ်၊ ဖော်မပြတတ်သော ခံစားမှုပေါင်းများစွာ ကို ဘယ်သူကိုများ ပြောပြရပါမလဲ ရှာမတွေ့ခဲ့ပါ၊ ပြောပြလို့မရနိုင်မှန်း သိခဲ့ပါပြီ။ ကျွန်တော် အမေ့ ကိုလည်းစိတ်မဆင်းရဲစေချင်တော့ပါ၊ ထိုကြောင့်လည်း မုသားစကားများစွာပါဝင် နေသောစကားများကို ပြောတတ်လာခဲ့ပါပြီ၊ အမေနှင့် ဖုန်းပြောတဲ့အခါတိုင်း “အားလုံးအဆင်ပြေပါတယ်” လို့ပြောခဲ့ရတဲ့ အချိန်တိုင်း ရင်ထဲ နာကျင် နေတတ်ပါသည်။ ကိုယ့်ကိုချစ်သောသူများ၊ ကိုယ်ကချစ်သောသူများအားလုံးနှင့် ဝေး နေသောစိတ်ခံစားမှု၊ နေထိုင်စားသောက်မှုကို စိတ်တိုင်းမကျမှု၊ အလိုလိုနေရင်း ဖိအားတွေများနေတတ်မှု၊ အထီးကျန်ဆန်မှု တွေကို ရင်ထဲတွင် အပြည့်ခံစားနေရပေမဲ့လည်း အမေစိတ်ဆင်းရဲမှာကို စိုးရိမ်မိလို့ ဘာမှပြောမထွက်ခဲ့ပါ၊ အရင်က ဘာပဲဖြစ်ဖြစ် ရင်ဖွင့်တတ်သော ကျွန်တော် အခုတော့လည်း ဘာဆိုဘာမှ အမေ့ ကိုပြန်မပြောပြဖြစ်တာ ကြာနေပါပြီ၊ အားငယ်လို့ အမေကို သတိရတဲ့အခါတိုင်းလည်း အမေ့ကို စိတ်ချမ်းသာအောင် ထားချင်နေသောဆန္ဒတစ်ခုကြောင့် ကိုယ်တိုင်ဘာမှ မခံစားရသလိုနေကာ အရာအားလုံးကိုပျော်ရွှင်နေသော ပုံစံမျိုးဖြင့်သာ အမေကို သိစေချင်၊ ကြားစေချင်နေမိပါသည်။
နေရာတိုင်းပျော်စရာတွေနဲ့ပြည့်နှက်နေသော နေရာများစွာရှိနေပါသော်လည်း တကယ်တမ်း ပျော်ရွင်မှုကိုမခံစားမိပါ၊ ဟန်ဆောင်ပြုံးကိုပြုံးရင်းနဲ့ပေါ့၊ ကိစ္စတစ်ခုသည် ကိုယ့်အတွက် ပျော်စရာဖြစ်နေပါသော်လည်း ပျော်ရွင်မှုကို အပြည့်အ၀ မပျော်ရွင်နိုင်တာ ဘာကြောင်းများလဲ မသိနိုင်တော့ပါ။ ပျော်အောင်နေတတ်ရင် ပျော်နိုင်မယ်ထင်ခဲ့ပေမဲ့လည်း လက်တွေ့တွင် မပျော်နိုင်သေးပါ။ “ပျော်ရာမှာမနေရ တော်ရာမှာသာနေရ” တာဖြစ်နိုင်ပါသည်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်နေရဦးမှာပေါ့နော်………..

No comments: