Friday, March 20, 2009

20.03.2009

Birthday


ကျွန်မ ကိုမွေးခဲ့သောနေ့ မှ ဒီနေ့ဆို ၂၇ နှစ်ပြည့်ခဲ့ပါပြီ။ ကျွန်မ ဖေဖေ၊မေမေ ကို ရိုသေစွာ ကန်တော့လိုက်ပါတယ်။ အရမ်းလည်းသတိရသလို၊ ၀မ်းနည်းသလိုလည်း ခံစားရတယ်။ ကျွန်မကို စတင်မွေးခဲ့ချိန်မှစ ဖေဖေနှင့်မေမေ သည် အခုအရွယ်ထိ ကျွန်မကို စိတ်ပူပင်နေတတ်ပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက ချူချာတတ်သဖြင့် မိဘတွေကို ဒုက္ခပေးသလို ဖြစ်နေတတ်ခဲ့ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ဖေဖေ၊မေမေသည် ကျွန်မကို အရမ်းဂရုစိုက်ပြီးချစ်ပါသည်။


ဖေဖေနှင့်မေမေဆီကို ဖုန်းဆက်ချင်ပါတယ်၊ အစကကျွန်မ ဆက်မယ်လို့ စိတ်ကူးထား ခဲ့ပါတယ်၊ ဒါပေမဲ့ မဆက်တော့ပါဘူး၊ ကျွန်မ ကိုမွေးခဲ့သော မေမေ ကျွန်မမွေးနေ့ကို မှတ်မိနေပါတယ်လို့ ယုံကြည်ချက်ကို မပျက်စီးစေချင်မိလို့ပါ၊ ကျွန်မ ဖုန်းဆက်တာကို စိတ်ပူသွားမှာလည်းစိုးရိမ်မိလို့ပါ။ ကျွန်မ မေမေအလုပ်ဘယ်လောက် များများ ကျွန်မ မွေးနေ့ကို မမေ့နိုင်ပါဘူး လို့လည်းယုံကြည်ထားချင်တာပါ။ ဖေဖေ၊မေမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သမီးတို့နှင့်အသက်ရှည်ရှည် ပျော်ပျော်ရွင်ရွင် နေသွားနိုင်ပါစေလို့ သမီး ဆုတောင်းနေပါတယ်။ကျွန်မ ဆိုးသမျှကို ခွင့်လွတ်နားလည်ပေးတတ်သော ကျွန်မ၏ ချစ်သူသည်လည်း “စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ”


ကျွန်မ ဒီနေ့ဆို မြန်မာပြည်ကနေခွဲခွာခဲ့ပြီး စင်္ကာပူသို့ ရောက်တာလည်းနှစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနှစ်နှစ်အတွင်း စင်္ကာပူ၏ လူမှုဆက်ဆံရေး အတ္တ ကြီးမှုတွေကြားထဲ ကိုယ်လည်းသူတို့လို အတ္တကိုရှေ့တန်းတင်သောသူမဖြစ်ဘဲ နေနိုင်အောင် နေတတ်အောင် ကြိုးစားခဲ့ပါတယ်၊ နောင်နှစ်တွေမှာလည်း နေနိုင်အောင် နေရဦးမယ် ပေါ့နော်။ ဘယ်လောက်ပဲပျော်ပျော် နေရချင်မှနေရမှာနော်၊ စိတ်ညစ်နေပေမဲ့လည်း နေရမယ် ဆိုရင် နေရတာပါပဲနော်။ အရာအားလုံး ဒီလိုပါပဲနော်။


ကျွန်မ လူမှုဆက်ဆံရေး အလွန်တရာညံ့ပါတယ်။ ဒါပေမဲ့ ကျွန်မဆက်ဆံရေး ကောင်းလာအောင် ကြိုးစားနေဆဲပါ၊ ကျွန်မ၏ အားနည်းချက်ကတော့ အရမ်းအားနာ တတ်ခြင်းပါ၊ ကျွန်မ အားနည်းချက်ကြောင့် ကျွန်မအမြဲ စိတ်ရှုပ် ရတတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဘယ်သူမပြု၊ မိမိပြု ဆိုသလိုပါပဲ၊ အရာရာတိုင်း ကိုယ့် လိုအပ်ချက်ရှိလို့ပါ။ ကျွန်မ အကောင်းဆုံး မဖြစ်တောင်မှ ကောင်းအောင်ကြိုးစား နေပါတယ်။


ကျွန်မကို နှစ်နှစ်အတွင်း ကူညီပေးခဲ့သော အကိုတွေ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်၊ နောင်လည်းကျွန်မ အကူညီတောင်းတိုင်း ပေးနိုင်မယ်လို့ လည်း မျှော်လင့်ထားပါတယ်။ Birthday wish လုပ်သော သူငယ်ချင်းများ နှင့် Birthday present ပေးသူများ ကိုလည်း ကျေးဇူးတင်ပါတယ်။


ကျွန်မမှာ စိတ်မကောင်းတာ တစ်ခုကတော့ ရှိလာပြန်ပါပြီ။ အရာအားလုံး ကျွန်မ၏ အားနည်းချက်ကြောင့် ဖြစ်တာပါပဲလို့ မှတ်ယူထားလိုက်ပါတော့မယ်…….

အင်းပေါ့နော်…. ဆရာတော်ဦးဥတမသာရ ရေးသားထားသလို အလိုမြဲ - အမြဲလို ဆိုသကဲ့သို ကျွန်မ လိုချင်မိနေသမျှ ကျွန်မကို ဘယ်လောက်ပဲ ချစ်ချစ်၊ ဂရုစိုက်ပါစေ၊ ကျွန်မအတွက် အမြဲလိုနေသေးတယ်လို့ ထင်နေသောကြောင့် ကျွန်မ စိတ်မကောင်းဖြစ်တာနေမယ်နော်၊ လိုအင်ဆန္ဒတွေကို တတ်နိုင်သမျှ နည်းအောင်နေပြီးတဖက်လူ၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သမျှ ဖြည့်ဆည်းပေးခြင်း ဖြင့် နေတတ်ရင် အဆင်ပြေမယ် ထင်ပါတယ်၊ စိတ်ကြည်ကြည်လင်လင် နှင့် ပျော်ပျော် နေတတ်အောင် ကြိုးစားရဦးမှာပါ။

ကျွန်မကို ချစ်သောသူများခင်သောသူများ၊ ကျွန်မက ချစ်သောသူများခင်သော သူများ နှင့် ခုနှစ်ရက်သားသမီးများအားလုံး “စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ” လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

No comments: