Tuesday, October 14, 2008

သီတင်းကျွတ်ပြီ

သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါတယ်.

အဘိဓမ္မာနေ့ ဆိုလည်းမှန်ပါတယ်

ဒီနေ့သည် ကောင်းမြတ်သောမင်္ဂလာရှိသော နေ့ထူးနေ့မြတ် ပါ

ဒီလို ကောင်းမွန်လှသောနေ့ တစ်နေ့တာလုံးတွင် စိတ်သဘောမနောဖြူစင် မှုရှိအောင် ၊ ဒေါသ၊ မောဟ၊ မနာလိုဝန်တိုမှု ကင်းရှင်းအောင် ကုသိုလ်စိတ်လေးပွားများပြီး နေကြရအောင်နော်.

ကျွန်မ ငယ်ငယ်ကသီတင်းကျွတ်ရောက်ပြီဆိုရင်ပျော်တယ်.

ဘာဖြစ်လို့လဲဆိုတော့ ကျောင်း(၁၀)ရက် ပိတ်တာရယ်၊ လူကြီးတွေကို လိုက်ကန်တော့ ရတာတွေ ကြောင့်ပေါ့..

အင်္ကျီလှလှလေးတွေဝတ်သွားရပြီး လူကြီးတွေကိုကန်တော့တယ် ကန်တော့ ပြီးရင် မုန့်ဖိုးရတယ်လေ.. ဒါကြောင့် အရမ်းပျော်တယ်.. ကလေးဆိုတော့ ကိုယ်လိုတာ ရရင်ပျော်ကြတာ သဘာဝပေါ့နော်

မီးရှူးမီးပန်းတွေလွှတ်ကြ၊ ဗျောက်အိုးတွေ ဖောက်ကြနဲ့ တော်တော်ပျော်ပါတယ်

ကျွန်မ မီးပန်းကစားခြင်း၊ ဗျောက်အိုးဖောက်ခြင်းတို့ကို အရမ်းကြောက်တယ် မလုပ်ရဲဘူး သူများတွေ ဆော့တာကိုပဲ ကြည့်ပြီးပျော်တတ်ပါတယ် ကျွန်မ မကိုင်ရဲတာပါ

တစ်ကြိမ်မှာ မောင်လေးနှင့် သူ၏သူငယ်ချင်း မီးပန်းလွှတ်နေကြတာကို ကြည်နေတဲ့အချိန်မှာ သူတို့လွှတ်လိုက်သောမီးပန်းက ကျွန်မ၏ခြေထောက်ပေါ် ပြုတ်ကျခဲ့တယ် ကျွန်မအရမ်းပူလို့ တော်တော်ငိုခဲ့ရတယ် မောင်လေးကလည်း တမင်လုပ်တာမဟုတ်တော့ သူလည်းမျက်နှာ မကောင်းဖြစ်နေတာပေါ့.. မေမေကတော့ ကလေးတွေပဲဆိုပြီး မဆူခဲ့ပါဘူး ကျွန်မ ပူလို့ ငိုပဲနေတော့ မိဘတွေကစိတ်ပူပြီး ဆေးခန်းကို ချက်ချင်းခေါ်သွားခဲ့ကြတယ် ဆေးခန်းရောက်တော့ ဖန်ရေစိမ်ပြီး ဆေးပေးတယ် ၊ အပူသက်သာအောင် ဆေးလိမ်းပေးတယ်၊ အနာမရင်းအောင် ဆေးထိုးပေးလိုက်တယ် အနာပျောက်သွားပေမဲ့လည်း အမာရွတ်ကတော့ သေရာပါကျန်ခဲ့တယ် အမာရွတ်နေရာက ဖြူနေမှာစိုးလို့ ဆေးပင်တွေနဲ့ မနည်းစွတ်ခဲ့ရတယ်..

အဲဒီနောက်ပိုင်း မီးပန်းလွှတ်တဲ့ ဘယ်နေရာမျိုးကိုမဆို မသွားတောပါ၊ မကြည့်တော့ပါ၊ ဝေးဝေးမှာပဲ နေတော့တယ်.. ပိုကြောက်သွားတယ်ပေါ့နော်

သီတင်းကျွတ်မီးထွန်းပွဲတော် ကြီးသည် အလွန်ကိုစည်ကားလှပခဲ့ပါတယ်..

ဆီးမီးရောင်စုံများ ထွန်းပြီး မြတ်စွာဘုရားကို ပူဇော်ရတာလည်း မွန်မြတ်သော ကုသိုလ်ပါ။ သီတင်းကျွတ်လတွင် လူကြီးများကို ဂါဝရထားပြီး ကန့်တော့ရတာ မင်္ဂလာတစ်ပါး ပါ။ လူကြီးလူငယ်မရွေး ဘုရား ကျောင်းသွား ဥပုသ် သီးတင်းစောင့်တည်ကြတာလည်း မွန်မြတ်လှတဲ့ ကုသိုလ် တစ်ခုပါ

မြို့ ပြလူနေမှု စနစ်ကတစ်မျိုးဆိုတော့ ကျေးလက်တောရွာတွေလို တစ်ချို့သောကိစ္စတွေမှာ အပြည့်အ၀ ခံစားမှု မရှိနိုင်ကြပါ မြို့နေ စရိတ်ကြီးမှုကြောင့် သော်လည်းကောင်း၊ တခြားအဆောင်အယောင် တွေကြောင့် သော်လည်းကောင်း စီးပွားရေးကိုသာ ပိုပြီးဦးစားပေး လုပ်ကိုင်နေရသောကြောင့် လူများ၏အာရုံတွေသည် စီးပွားရေးသို့သာ ဦးတည်နေကြရပါသည်။

ထိုကြောင့် ကျွန်မ တစ်ချို့ ကိစ္စတွေကို ကျေးလက်တောရွာ တွေကိုနှစ်သက်အားကျ ပါတယ်

ကျွန်မစိတ်မှန်းပေါ့နော်

ရွာဦးဘုရားသွား၊ သန့်ရှင်းရေးလုပ်၊ ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးပူဇော်ကြပြီး၊ ရွာဦးဘုန်းကြီးကျောင်း တွင်လည်း ဝေရာဝစ္စ ကူညီလုပ်ကိုင်ရင်း ဥပုသ်စောင့်တည်ကြ နဲ့ အလွန်ကို အေးချမ်းမှု ရှိနေကြမှာပါ..

အဆောင်အယောင်တွေကင်းရှင်းပြီး အပေါ်ယံ ပကာသနတွေမပါပဲ ဖြူစင်မှန်ကန်သော စေတနာတွေနှင့် ငြိမ်းချမ်းမှုတွေကို တွေ့ရှိရတတ်လို့ပါ။

မြို့တွေမှာတော့ အပေါ်ယံလှပသော ၀တ်စားဆင်ရင်မှုတွေနှင့် ဟန်ဆောင်ထားသော စိတ်စေတနာတွေဖြင့် အပြုံးတစ်ဝက်ကိုဟန်ကွန့်ပြုံးကာ ပူပင်မှုတွေကိုတွေ့ ရတတ်လို့ပါ။

ကျွန်မမှတ်မှတ်ရရ တစ်ခုကတော့ သန်လျင် GTC ၀င်းထဲကို အစ်မယောကျာ်း၏ မိဘ တွေ အလည် ခေါ်တုန်းက ခဏရောက်ဖူးတယ် အမှန်တော့ ကျွန်မတို့ကို မုန့်ဖိတ်ကျွေးတာပါ လိုက်ပို့ပေးမည့်ကားလည်းရှိတာရော၊ အလုပ်ကလည်း စောပြန်လို့ ရတာရောနဲ့ အိမ်ကို ဖုန်းဆက်ပြောပြီး ခဏလိုက်သွားခဲ့တယ်

သန်လျင် ဆိုတော့ ရွာတွေလိုပဲပေါ့နော်၊ ကျောင်းဝန်းထဲက ၀န်ထမ်းတွေကလည်း မြို့ပေါ်ကလူတွေလို မျိုးလည်းမဟုတ်၊ တောရွာက လူတွေလိုလည်း မဟုတ်သလိုပါပဲ. ဖော်ရွေမှုတော့ရှိပါတယ်

ကျောင်းဝင်းထဲမှာ ဘုရားလေးတစ်ဆူရှိတယ်.. အဲဒီနေ့ က သီတင်းကျွတ် လပြည့်နေ့ဖြစ်တယ်

ကျွန်မတို့ သန်လျင်ရောက်သွားချိန်က နေ၀င်တော့မည့်အချိန်ဆိုတော့ လယ်ကွင်းတွေနဲ့၊ လူတွေ ရှင်းလင်းနေချိန် ဆိုတော့ ရင်ထဲဘာကို လွမ်းနေလဲမသိဘဲ လွမ်းသလိုလို ခံစားရတာတော့အမှန်ပါ

ရောက်ရောက်ချင်း မုန့်စိမ်းပေါင်း စားရပါတယ် ပြီးတော့ အကြော်တွေနဲ့ ရေနွေးချမ်းလာချပေး ပါတယ်.. ကျွန်မတို့ကသူစိမ်းတွေဆိုတော့ စားလိုက်သောက်လိုက်ပေါ့ အစ်မကတော့ စကားပြောနေတာပေါ့နော် သူကသိမ့်မစားလိုက်ရဘူးပေါ့နော်.

စားပြီးတော့ ဘုရားလေးနားမှာ ဆီမီးခွက်တွေမှာ မီးထွန်းခဲ့ကြတယ်.. မီးခွက်လေးတွေ တန်းစီချပြီး စီစီရီရီ ထွန်းထားလိုက်တာ ဘုရားပတ်ဝန်းကျင် တစ်ခုလုံးဝင်းထိန်ပြီး ကျက်သရေ ရှိစွာနှင့် လှပလွန်းတယ်. ပတ်ဝန်းကျင်တွင်လည်း ကလေးတွေ အော်ဟစ်ဆော့ကစားပြီး အလွန် ပျော်စရာကောင်းပါတယ်

မြင်ကွင်းလေးက ဘုရားတစ်ဆူဘေးပတ်ပတ်လည် ဆီမီးရောင်များဝင်းထိန်နေပြီး၊ တခြား ဘေးပတ်ဝန်းကျင်တွင် အမှောင်အတိ ပျိုးနေပါသည်. ပျော်စရာကောင်းပါတယ်

ကျွန်မတို့လည်း ပြန်ရအုံးမှာမို့ ဆီမီးတွေကို ဆီထပ်မထည့်ပေးဖြစ်ခဲ့ပါဘူး.

ဒါကျွန်မ ရွာအငွေ့အသက် ခံစားချက်လေးတစ်ခုပါ

ငယ်ငယ်က အကြောင်းတွေသာသတိရပြီး နောက်ပိုင်း ကျွန်မအလုပ် မအားတော့သဖြင့် မပျော်တတ်တာလား မသိတော့ပါ.

သတိထားမိသမျှကတော့ ဘုရားပေါ် ကို လူအရမ်းများလို့ မရောက်ဖြစ်တာ ကြာပါပြီ..

ဒီလိုနဲ့ မြို့နေလူတွေရဲ့ ကျည်းကျပ်မှုကြောင့် သဘာဝခံစားမှုတွေလည်း မရှိသလို ဖြစ်ရတာ မဆန်းတော့ပါဘူး ပေါ့နော်

ဒါကျွန်မမှတ်မိသမျှ သီတင်းကျွတ်အကြောင်းပါ....

ကျွန်မတို့ လမ်းတစ်လျှောက် ဆီမီးများကို လမ်းဘေး ပတ်လည်တစ်လျှောက် ထွန်းပြီး ပူဇော်တာကတော့ နှစ်စဉ်နှစ်တိုင်းပါ.....

ဒီနှစ်တွင်လည်း ကျွန်မ မမြင်ရပေမဲ့ ဆီမီးရောင်တွေနှင့် ပူဇော်ထွန်းညှိုထားသော လမ်းလေးကလှနေဦးမှာပါ..

No comments: