Sunday, September 7, 2008

"ဘ၀ဆိုတာ"

ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဘယ်အိမ်မှာနေကြမလဲ တရားတော်ထဲက ဘ၀ဆိုသော အမြင် ဟောကြားထားတာလေးပါ

ဘ၀ဆိုတာ အလုပ်လုပ်ခြင်း၊ ဘ၀ဆိုတာ သေဆုံးခြင်းလို့ပဲ ဘ၀ကိုအဓိပ္ပာယ် ဖွင့်ဆိုချင် ပါတယ်။ လုပ်ချင်တဲ့ အလုပ်ကိုပဲဖြစ်ဖြစ်၊ မလုပ်ချင်တဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ် လုပ်နေရတာ ဘ၀ပါ။

အလုပ် ဆိုတဲ့စကားထဲမှာ အကျိုးခံစားတဲ့အလုပ်ရော၊ အကြောင်းဖန်တီးတဲ့အလုပ်ရော ပါဝင်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ ဘ၀ဆိုတာ အကျိုးခံစားတဲ့အလုပ် လုပ်နေရတဲ့အချိန်ထက် အကြောင်းဖန်တီးတဲ့အလုပ်ကို ဆင်းရဲပင်ပန်းစွာ လုပ်ရင်း ပေးဆပ်နေရတဲ့ အချိန်က ပိုများပါတယ်။

ပြီးတော့ သေဆုံးခြင်းဟာ ဘ၀ပါပဲ။ လူ့ ဘ၀ရဲ့ နောက်ဆုံးပန်းတိုင်ဟာ သေဆုံးခြင်းလို့ ပြောကြပေမယ့် တကယ်တော့ အသက်ရှင်နေတဲ့အချိန်တိုင်း၊ အချိန်တိုင်း မှာလည်း ဘ၀ဟာ သေဆုံးနေပါတယ်။ ဘ၀တစ်ခု သေဆုံးပြီးမှ ဘ၀တစ်ခုဖြစ်နေကြရတာပါ။

ဥပမာ- ကျောင်းသားဘ၀ သေဆုံးပြီးမှ ဆရာဝန်ဘ၀၊ ဆရာဝန် ဘ၀သေဆုံးပြီးမှ တရားသမား ဘ၀ စသည်ဖြင့်ပေါ့လေ၊ ကျောင်းသားဘ၀မှာလည်း မူလတန်းကျောင်းသား ဘ၀ သေဆုံးပြီးမှ အလယ်တန်းကျောင်းသားဘ၀၊ အလယ်တန်းကျောင်းသား ဘ၀ သေဆုံး ပြီးမှ အထက်တန်းကျောင်းသားဘ၀ စသည်ဖြင့် အဆင့်ဆင့် သေဆုံးခဲ့ရတာပါပဲ။

ဒါအကြမ်းအားဖြင့် ပြောတာပါ။ ဒီလောက်ဖြေရင် ဒီထက် အသေးစိတ်ပြီး ဆင်ခြင်ကြည့်နိုင် ပါတယ်။

မနေ့ကဘ၀ သေဆုံးပြီးမှ ဒီနေ့ဘ၀၊ ပြီးခဲ့တဲ့ နာရီ၊မိနစ်၊စက္ကန့်ဘ၀ သေဆုံးပြီးမှ အခု နာရီ၊ မိနစ်၊ စက္ကန့် ဘ၀ ဖြစ်ရတာပါ။

လူတစ်ယောက်ဟာ အချိန်မရွေး သေဆုံးသွားနိုင်တဲ့အတွက် အသက်ရှင်သန်မှုဟာ သေခြင်းတရားနဲ့ အမြဲ ဆက်ဆံနေတဲ့အတွက် ဘ၀သည်ပင်လျှင် သေဆုံးခြင်းပါပဲ။

ဘ၀ဆိုတာ အလုပ်လုပ်ခြင်းနဲ့ ဘ၀ဆိုတာ သေဆုံးခြင်းဆိုတဲ့ စကားနှစ်ရပ်ကို ဆက်စပ် ကြည့်လိုက်ရင် သေခြင်းတရားက လွတ်မြောက်နိုင်တဲ့ အလုပ်ကို လုပ်နေတာဟာ အဓိပ္ပာယ်ရှိတဲ့ ဘ၀ကို တည်ဆောက်နေတာပါ။

No comments: