ကျွန်မသည် အလုပ်ကိစ္စဖြင့် နယ်တွေကို ခရီးသွားတတ်ပါသည်။ အလုပ်ထဲက ၀န်ထမ်းများနဲ့ ခရီးတစ်ခုကို သွားခဲ့ပါတယ်။ မိန်းကလေး သုံးယောက် နဲ့ ကားမောင်းတဲ့သူ နဲ့ ဆိုရင် စုစုပေါင်း လေးယောက် ပေါ့နော်…. ဒီတစ်ခါ သွားတဲ့ခရီးသည် နည်းနည်း ဝေးပါသည်။ လမ်းတစ်လျှောက်တွင်ရှိသော မြို့တွေကိုလည်း ခဏ ၀င်ပါသေးသည်….
ကျွန်မသွားသော မြို့သည် ရာသီဥတု အေးချမ်းပြီး ပန်းမြို့တော်လို့ခေါ်သော မြို့တစ်မြို့ပေါ့… လမ်းတွင်ရှိသော မြို့များကို ၀င်းရင်းနဲ့ ကျွန်မတို့ သွားချင်သော မြို့ကို ၃ရက်မြောက်သော ညပိုင်းတွင် ရောက်ခဲ့ပါသည်……. အဲဒီမြို့ကို ရောက်တဲ့အချိန်သည် ညရောက်နေပြီလေ... ဒါကြောင့် ညစာစားပြီး တည်းခိုရန်အတွက် Hotel ကို စဉ်းစားရတာပေါ့နော်…. ညကလည်း (၁၀)နာရီကျော်လောက် ရှိနေပြီလေ….. မြို့ရဲ့ ဒေသခံလည်း မပါဘူးလေ...ဒီမြို့ကိုလည်း တစ်ယောက်မှကို မကျွမ်းကျင်ကြဘူး ဖြစ်နေတယ်… အဲဒီတော့ တည်းခိုခန်းကို ရှာရတော့တာပေါ့လေ… ကျွန်မတို့လည်း တွေ့တွေ့ချင်း တည်းခိုခန်းကိုပဲ အဆင်ပြေရင် တည်းမယ်လို့ စဉ်းစားထားရတာပေါ့နော်… ကားကိုနည်းနည်းတော့ မောင်းပြီးရှာရသေးတယ်…. တွေ့ပါပြီ တည်းခိုခန်းကိုလေ…… ကျွန်မတို့လည်း ၀မ်းသာစွာနဲ့ ကားဆရာကို တည်းခိုခန်းရှေ့ကို ရောက်အောင် မောင်းခိုင်းလိုက်တယ်လေ… Hotel ပါ။ ပုံစံက ရှေးပုံစံအတိုင်းပဲလေ.. အုတ်နီနီ ခေါင်းမိုးမည်းမည်းတွေနဲ့ ဆောက်ထားပါသည်... ပုံစံကအပြင်က ဟောင်းနေပေမဲ့ အထဲမှာတော့ တော်တော်လေး ကောင်းပါတယ်…. (Five Star တော့မဟုတ်ဘူးနော်)… Hotel Receptionist ကိုရောက်တော့ အခန်းကို မေးတယ်လေ….. ကံက ဆိုးပြန်ပြီလေ... မိန်းကလေး ၃ယောက်တူတူ နေပါမယ် ဆိုတာ (၃ယောက်ခန်း)က မရှိဘူးတဲ့လေ တစ်ယောက်ခန်း၊ ငါးယောက်ခန်းပဲရှိတယ်.. တစ်ယောက်တစ်ခန်းတော့ ဘယ်သူမှမနေရဲကြဘူး (သတ္တိခဲတွေလေ)… အဲဒီတော့ ငါးယောက်ခန်းကိုပဲ ယူလိုက်တယ်…. ကားမောင်းတဲ့ လူကတော့ တစ်ယောက်ခန်း ရတယ်..Hotel ၀န်ထမ်းက ကျွန်မတို့ကို အခန်းလိုက်ပြပါတယ်… ကိုယ်တည်းရမဲ့ အခန်းလည်း ရောက်တော့ တော်တော်ကို မောနေပါပြီ ပစ္စည်းတွေကို နေရာချလိုက်ပြီး အရမ်းကို အိပ်ချင်နေပါပြီ.. ဒါပေမဲ့ ခရီးသွားထားတာ ဆိုတော့ ရေမချိုးလို့ မရဘူးလေ… ရေချိုးရန် ပြင်ရတာ ပေါ့နော်…. အချိန်အားဖြင့် (၁၂နာရီ)ကျော်ပါပြီ……
ကျွန်မတို့နေတဲ့ အခန်းက ငါးယောက်ခန်းနော်…… အခန်းပုံစံက အရှေ့အခန်းက သုံးယောက် အိပ်ရမယ်လေ.. နောက်ဖက်မှာ နှစ်ယောက်အိပ်ရန် တစ်ခန်း၊ ရေချိုးခန်း အိမ်သာ တစ်ခန်းပေါ့နော်… ကျွန်မတို့ သုံးယောက်လည်း ရေကို မြန်မြန်ချိုးပြီး အိပ်မယ်ပေါ့နော်….. ရေချိုးပြီးတော့ အိပ်ရန်ပြင်တော့ ကုတင် သုံးလုံးရှိတယ် ကျွန်မက ကြောက်တတ်လို့ အလယ်မှာအိပ်ပါတယ်…. မကြောက်တတ်တဲ့ လူကို နောက်အခန်းနဲ့ ကပ်နေတဲ့ ကုတင်ကို အိပ်ခိုင်းတယ်လေ... သူကလည်း မကြောက်တော့ ပြောတဲ့အတိုင်း အိပ်ပါတယ်…. ကျွန်မ အရင်က အရမ်းအိပ်ချင်နေတာလေ ရေချိုးလိုက်လို့လား မသိဘူး မအိပ်ချင်တော့သလို ဖြစ်သွားတယ်လေ…. ကံဆိုးပြီပေါ့နော်.
စစအိပ်အိပ်ချင်း အိပ်လို့ မပျော်သေးဘူးလေ….ဒါပေမဲ့ အသံတွေက တိတ်ဆိတ်နေလို့ ကိုယ်လည်း ကြောက်ပြီး ငြိမ်နေရတာပေါ့… ကျွန်မအိပ်ပျော်ခါနီး အချိန်လောက်မှာ စကားသံတိုးတိုးနဲ့ ပြောနေသံကို ကြားလိုက်တယ်လေ….. လုံးဝ အိပ်ပျော်သေးတာ မဟုတ်တော့ မျက်လုံးက အလိုလိုကို ပွင့်သွားတယ်.. ဒါပေမဲ့ ကြောက်လို့ ကိုယ်တော့ မလှုပ်ရှားရဲဘူး… အသံကို နားထောင်နေလိုက်တယ်….. ကျွန်မနဲ့ ပါလာတဲ့သူတွေများ မအိပ်သေးပဲ စကားပြောတာလားပေါ့ ဆိုပြီး နားတောင်နေတာပေါ့….
မဟုတ်ပါ ကျွန်မနဲ့ အတူတူပါလာသော သူများစကားပြောတာမဟုတ်ပါ…. အဲဒီအချိန်မှာ ကျွန်မတစ်ကိုယ်လုံး ကြက်သီးတွေထလာပါတယ်... ကျွန်မ သိလိုက်တာကတော့ ကျွန်မသရဲများ ခြောက်ခံရပြီးလားပေါ့နော်… ကျွန်မရဲ့သူငယ်ချင်းတွေကို နှိုးရမလားပေါ့..…. ကျွန်မလည်း အသံလာရာကို သေချာ အာရုံစိုက်ပြီး နားထောင်လိုက်ပါတယ်…. ကျွန်မ နောက်ဘက်က လာတာပါ… သိလိုက်ပါပြီ….. နှစ်ယောက်အိပ်တဲ့ အခန်းဘက်က လာတာပါ…အဲဒီအခန်းထဲမှာ ဘယ်သူမှမရှိပါဘူး…. ကျွန်မရင်တွေတုန်လာပါပြီ.. ကြောက်လွန်းလို့ ဘာလုပ်ရမလဲတောင် မသိဘူး... လှုပ်လည်း မလှုပ်ရဲပါဘူး……ဘုရားစာတွေကိုလည်း ရသလောက် ရွတ်နေပါတယ်… ကြောက်တာပါပဲ.. အသံက မရပ်သွားပါ…. ဘာပြောလဲ ဆိုတာတော့ မသိပါဘူး… ဒါပေမဲ့ စကားသံက ကြားနေရဆဲပါ… အဲဒီအချိန်မှာ အိပ်ပျော်အောင် ကြိုးစားနေရပါတယ်…… စိတ်ထဲမှာ မနက်မြန်မြန် ရောက်ပါစေလို့ ဆုတောင်းတဲ့ အကြိမ်လည်း မရေတွက်နိုင်တော့ပါဘူး….. ပိုဆိုးသွားပါပြီ……
ကျွန်မတို့ရဲ့အခန်း မီးပိတ်သွားပါတယ်…. Hotel လေမီးမပျက်နိုင်ပါဘူး…. ခဏပဲထင်တာပေါ့နော်…… မဟုတ်ပါ ကျွန်မ အိပ်ပျော်တဲ့ အချိန်ထိ မလာတော့ပါ…. ကျွန်မလည်း အရမ်းကြောက်တော့ ဘုရားစာကို စိတ်ငြိမ်အောင် ထားရွတ်ပြီးအိပ်ခဲ့တယ်..... (အချိန်က၂နာရီကျော်) လောက်ရှိပါပြီ… မနက်လည်းရောက်ရော ကျွန်မကို ကျွန်မရဲ့ သူငယ်ချင်းက သူလည်း ညကအသံတွေ ကြားရတယ် ဆိုတဲ့အကြာင်း ပြောပါတယ်…. ကံကောင်းသူ ကတော့ အဲဒီအခန်းနဲ့ ကပ်လျက် အိပ်သောမမကတော့ သူဘာသံမှ မကြားရပါဘူးတဲ့လေ…. သူအရင် အိပ်ပျော်သွားတာလား မသိဘူးတဲ့ မီးပျက်တာလည်း မသိဘူးတဲ့လေ… ကျွန်မလည်း ညကမီးပျက်တာ မကျေနပ်လို့ Hotel ကတာဝန်ရှိသော ၀န်ထမ်းကိုမေးသောအခါသူတို့ရဲ့ Hotel သည်မီးမပျက်ပါ… ပျက်ခဲ့လျှင်လည်း မီးစက် ချက်ချင်းနှိုးပေးပါသည်တဲ့လေ…… ညကလည်း မီးမပျက်ပါတဲ့လေ………. ဒီတော့ ကျွန်မသည်….အဲဒီညက သရဲခြောက်ခံရပါသလားပေါ့နော်…………..

No comments:
Post a Comment