သာမန်အားဖြင့် ယနေ့ နှင့် မနက်ဖြန်သည် တူညီမှုရှိနိုင်ပါလိမ့်မည်။ ယနေ့နှင့် မနက်ဖြန် သည် တူမလိုလိုနှင့် မတူသလိုလိုပါပဲ၊ ယနေ့တွင် ကိုယ်သည် မနက်မိုးလင်းရာကစပြီး ကိုယ်လုပ်စရာများစွာကို လုပ်ဆောင်နေပါသည်။ မနက်ဖြန်ရော ကိုယ် ပုံမှန် လုပ်ဆောင်နေကျ အတိုင်း လုပ်နိုင်ရပါမည်လား၊ ပုံမှန်အတိုင်းဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ ဒါပေမဲ့ မဖြစ်လည်းမဖြစ်နိုင်ပါ၊ ဘယ်အရာမှ မတည်မြဲနိုင်ဘူးလေ…
မနက်ဖြန်ဆိုသောမျှော်လင့်ချက်တွေနဲ့သာ ကိုယ့်ဘ၀ဒီထက်ပိုကောင်းအောင်လုပ်ဆောင်နေ တယ်လို့ ပြောရင်မမှားနိုင်ပါဘူးနော်.(ဥပမာ- ယနေ့သည် 31.01.08 နော်.. မနက်ဖြန်သည် 01.02.08 ပေါ့နော်) အခုလိုဆိုရင် ရက်၊ လ နှစ်ခုစလုံး တခြားစီပဲနော်.. ဒါကြောင့် သတ်မှတ်ချက်တွေတောင် မတူညီနိုင်လျှင် ဘ၀ရဲ့ ကံကြမ္မာကရော ယနေ့ နှင့် မနက်ဖြန် ကံတရားအကြောင်းကရော တူနိုင်ပါ့မလား.. မနက်ဖြန်သည် မျှော်လင့်ချက် သက်သက်သာ ဖြစ်ပြီး၊ တကယ်တမ်းဘာမှ မလုပ်ဆောင်နိုင်သေးပါ၊ အဲဒီ မနက်ဖြန်မရောက်ခင်မှာ ကိုယ့်ဘ၀ နိဂုံးချုပ်နိုင်တယ်နော်..
မနက်ဖြန်ဆိုသည်မှာ မသေချာ ဝေေ၀၀ါးဝါးသာလျှင်ဖြစ်နိုင်ပါသည်၊ မနက်ဖြန်မှ လုပ်မည်ဆိုသော ကိစ္စတိုင်းသည် အမှန်တကယ်လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ပါလိမ့်မည်၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ယွင်းသွားသော ကိစ္စတော်တော်များများရှိနိုင်မှာပါ၊ ထိုကြောင့် ယနေ့လုပ်မည်လို့ စိတ်ကူးမိပြီဆိုလျှင် ဒီနေ့ပဲ အကောင်ထည်ဖော်လုပ်ဆောင်နိုင်လျှင် အကျိုးထူးများစွာကို ပိုမိုခံစားရနိုင်ပါလိမ့်မည်။ ဘယ်လိုသော အကြောင်းအရာမျိုးကိုမဆို သေချာစဉ်းစားပြီးပြီဆိုလျှင် ကိုယ်လုပ်ရန် ရည်ရွယ်ထားသော အချိန်၊ နေ့ရက်အတိုင်း လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။ မဟုတ်လျှင်အကြောင်းအမျိုးကြောင့်ပျက်ယွင်းကာ ရည်မှန်ချက်အတိုင်းပြည့်ဝစွာ ဖြစ်မလာနိုင်တော့ ပါ။
လုပ်ခဲ့ပြီးသောကိစ္စတိုင်းတွင် ကိုယ့်မိဘဆွေမျိုး၊ ကိုယ့်အတွက်၊ တခြားကိုယ်နဲ့ပတ်သက်ဆက်နွယ်နေ သော သူများအတွက် ယနေ့ထိ အကျိုးဖြစ်ထွန်းအောင် ဘာတွေများလုပ်ဆောင်ပေးနိုင်ခဲ့ပြီလဲပေါ့နော် ပြန်ပြီးသုံးသပ်လျှင် သြော် ဒီနေ့ထိ ကိုယ့်အတွက် ဘယ်လောက်မှ မလုပ်နိုင်သေးပါ ၊ ကိုယ်နှင့်ဆက်စပ် နေသောသူများစွာအတွက်ရော ဝေေ၀၀ါးဝါးပါ၊ ကိုယ့်ဘက်ကလုပ်ပေးချင်သော ဆန္ဒတွေ သိပ်များနေလွန်းလို့ ယခုလိုထင်နေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့နော်….
လိုအင်ဆန္ဒနှင့်ဖြစ်ချင်တာတွေ များနေလျှင် ပူလောင်ပြီး ဘ၀အတွက် မငြိမ်းချမ်းနိုင်ပါ…
ဖြစ်သလိုသာ ရောက်ရဲတင်းတိမ်နေပြန်ရင်လည်း ဘ၀အတွက် တိုးတက်မှုတွေ ဖြစ်မလာနိုင်တော့ပါ…
ဒီလိုဆိုတော့လည်း စိတ်ကိုငြိမ်းချမ်းအောင် တူညီမှု၊ မျှတမှုရှိအောင် ဖြစ်သင့်၊ဖြစ်ထိုက်၊ဖြစ်နိုင်တွေတာ စဉ်းစားတတ်ပြီး ဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်းကိုရှာဖွေရင်း အပူပင်ကင်းစွာ နေထိုင်နိုင်အောင် ကြိုးစားနေဆဲပါ၊…
မနက်ဖြန်ဆိုသော မျှော်လင့်ချက်တွေနဲ့ပေါ့၊ ဒီနေ့ဒီချိန်ထိ ကိုယ်အသက်ရှင်နေသေးပါသည်.. ကျန်းကျန်းမာမာနှင့် လုပ်ကိုင်နိုင်ပါသေးသည်ပေါ့နော်၊ မနက်ဖြန်ရော ဒီနေ့လိုပဲရှိနေနိုင်ပါဦးမည်လား.. မသိနိုင်ပါ…ထိုအတွက်ကြောင့် ကိုယ့်ရဲ့ တနေ့တာလုပ်ဆောင်ချက်များကို ကောင်းအောင်လုပ်ဆောင် ထားသင့်ပါသည်၊ ကိုယ်၏တနေ့တာ လုပ်ဆောင်နေသမျှသည် ကိုယ့်အတွက်ပဲဖြစ်သင့်ပါသလား…. အားလုံးသော ပတ်သတ်ဆက်နွယ်နေသူများအတွက်ပါ လုပ်ပေးချင်နေပါသော်လည်း တကယ်တမ်းတော့ ဘာမှမလုပ်ပေးနိုင်သေးပါ၊ ၀မ်းနည်းနေပေမဲ့လည်း တတ်နိုင်သမျှ လုပ်ပေး နိုင်အောင် ကြိုးစားနေဆဲပါ
အခုလို ပညာသင်ပြီး အလုပ်လုပ်နေတာတွေသည်၊ ကိုယ့်အတွက်၊ ကိုယ့်မိဘအတွက် ဆိုပေမဲ့လည်း အမှန်တကယ် ကိုယ့်အတွက်သာအများဆုံးဖြစ်ပါသည်။ အမှန်တကယ်ဆိုလျှင် မျှတမှုမရှိပါ၊ မိခင်၊ဖခင် ဘာတွေများလိုအပ်နေပါသလဲ၊ သူတို့၏ လိုအပ်ချက်ကဘာလဲ၊ ကိုယ်သည် မိဘအတွက် ဆိုပြီးခေါင်းစဉ်တပ်ကာ လုပ်ပေးနေသမျှသည် မိဘတွေအတွက် အမှန်တကယ် လိုအပ်တာတွေ ဖြစ်နိုင်ပါ သလား၊ သူတို့၏ စိတ်ထဲတွင် ကိုယ်လုပ်သမျှ လိုအပ်ချင်မှလိုအပ်ပေလိမ့်မည်။ (ဥပမာ- ကိုယ်သည် မိဘတွေကို ချမ်းသာစွာနေထိုင်စေချင်လို့ ငွေတွေရှာပေးနေပါသော်လည်း ငွေများစွာသည် သူတို့၏ လိုအပ်ချက်ဖြစ်နိုင်ပါ့မလား) မိဘတွေ၏ လိုအပ်ချက်သည် သူတို့ ဘ၀ကျန်ရှိနေသောအချိန်ကို ခန္ဓာကိုယ်ချမ်းသာသည်ထက် သူတို့၏ သားသမီးများနှင့် စိတ်ချမ်းသာစွာ နေထိုင်ချင်သောဆန္ဒ၊ လိုအပ်ချက်ရော မဖြစ်နိုင်ဘူးလား၊ သားသမီးများ၏ ဂရုစိုက်မှုကို လိုအပ်နေတာရော မဖြစ်နိုင်ဘူးလား..
မိဘတွေသည် သား၊သမီး များကို ငယ်ငယ်လေးကတည်းက စီပွားရှာရင်း သေချာစွာဂရုစိုက် ပျိုးထောင်ပေးနိုင်ခဲ့သူတွေပါ.. ကိုယ်သည်ရော စီးပွားရှာရင်းဖြင့် မိဘတွေကို တဖန်ပြန်ပြီး ဂရုမစိုက် သင့်ဘူးလား…မိဘတိုင်းအများဆုံးလိုအပ်ချက်သည် ဂရုစိုက်မှုသာလျှင်ဖြစ်နိုင်ပါသည်။ ကျွန်မသည် မိဘတွေအပေါ် ဒီနေ့ထိ စိတ်ဆင်းရဲအောင်မလုပ်ခဲ့ပေမဲ့လည်း အမှန်တကယ် ဂရုစိုက်မှုတော့ တခါမှမလုပ်ဖြစ်ခဲ့သေးပါဘူး တွေးကြည့်ရင်စိတ်မကောင်းဖြစ်မိပါသည်။ “ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိနိုင်ပါ။” ထိုကြောင့် ယနေ့မှစပြီး နောက်နက်ဖြန်များစွာရှိနေနိုင်သေးလျှင် ကျွန်မ တစ်နေ့လုပ်သမျှကိစ္စတိုင်းတွင် မိဘများအတွက် ဘယ်လောက်လုပ်ပေးနိုင်ခဲ့သလဲဆိုတာကို အမြဲသုံးသပ်ပြီး တတ်နိုင်သမျှလုပ်ဆောင်ပေးနိုင်ရန် ကြိုးစားရပါဦးမည်…
ကိုယ့်လက်ထဲ ပိုင်နိုင်သော အရာများကိုအသုံးပြုရင်း ပျော်ရွှင်စရာများစွာနဲ့ ပြည့်ဝနေသော သင်၏မနက်ဖြန်များစွာကို ကောင်းမွန်ပိုင်ဆိုင်နိုင်ကြပါစေ…..
No comments:
Post a Comment