ဒီနေ့သည် လွတ်လပ်ရေးနေ့ ဖြစ်တယ်နော်…
ဒီနေ့တွင်ပဲ အမှတ်တရ များစွာရှိခဲ့တယ်လေ…
ဒီအမှတ်တရများကို ရုပ်လုံးပေါ်အောင် မရေးတတ်ပေမဲ့လည်း…..
ရင်ထဲမှာမြင်ယောင်နေပါတယ်…
ကျွန်မငယ်ငယ်က အမှတ်တရတစ်ခုကတော့ မမေ့နိုင်အောင်ပါပဲလေ...
လွတ်လပ်ရေးနေ့ မရောက်ခင် နှစ်ရက်လောက် အလိုကတည်းက ကျွန်မတို့ ရပ်ကွက်ထဲမှာ ရပ်ကွက်က ဦးစီးပြီး နှစ်စဉ် အမြဲ ပျော်ပွဲရွင်ပွဲတွေ ကျင်းပတတ်ပါတယ်. အရင်က တခါမှ ပါဝင်ပြီး မကစားဘူးခဲ့ပါ.. ကျွန်မက ဘာ အားကစားမှ မကစားတတ်ဘူးလေ.. ငယ်ငယ် ကတည်းက အိမ်ထဲက အိမ်ပြင် မထွက်ရဘူးလေ..
အလယ်တန်း တက်တဲ့နှစ် ဖြစ်မယ်နဲ့ တူတယ် အဲဒီနှစ်က သူငယ်ချင်းတွေက မကစားရင် မရဘူး ဆိုပြီး အတင်း လာခေါ် ကြတော့ ကစား ဖြစ်ခဲ့တယ်.. အိမ်ကတော့ မကစားစေချင်ဘူး… မိဘတွေက ကျွန်မအကြောင်း သိတာကိုး… အပျော်ပဲလေ ဆိုပြီးတော့ ခွင့်ပြုလိုက်ပါတယ်.
ကျွန်မက ရှက်တတ်တယ်. ကြောက်လည်း ကြောက်တတ်တယ်လေ.. ဒီတော့ နည်းနည်းတော့ မူပျက်တာပေါ့နော်.. ကျွန်မတို့ သူငယ်ချင်းတွေ ကစားနည်းတွေက လေး၊ငါးမျိုးလောက် ရှိမယ်နဲ့ တူတယ်… ကျွန်မက သူတို့လောက် မကစား နိုင်ဘူးလေ.. ကျွန်မ ကစားတာက ထုတ်စီးတိုး၊ အပြေးပြိုင်၊ ဘောလုံးကန်တာ မပါချင်ပေမဲ့ ပါလိုက်ရတယ်၊ ကျွန်မက ထုတ်စီးတိုးတာကတော့ ကျွမ်းကျင်စွာ ရပါတယ်.. ကျန်တဲ့ နှစ်ခုကတော့ အကွဲအလွဲပါပဲ…
မနက် စောစောပိုင်း အပြေးပြိုင်တော့ ရပ်ကွက်တစ်ပတ် ပြေးရတယ်လေ. ကျွန်မက မောတတ်တာ သိပေမဲ့ ဒီလောက်တော့ ရနိုင်မယ် ထင်ခဲ့တာ ရပ်ကွက် တစ်ဝက်ပဲ ရောက်သေးတယ် လမ်းတောင် မလျှောက်နိုင်တော့ပါ.. သူငယ်ချင်းတွေကို သွားနှင့် လို့ပြောပြီး ဖြည်းဖြည်းခြင်း လမ်းလျှောက် လာခဲ့တယ်လေ… သိပ်ပြီး မလျှောက်နိုင်တော့ဘူး…. လမ်းမှာ ခဏထိုင်နေစဉ် ရပ်ကွက်က စီစဉ် ပေးတဲ့ ကားနဲ့ ပြိုင်ဘက်မရှိ ရပ်ကွက်ထဲကို ပြန်ရောက်ခဲ့တယ်… ရပ်ကွက်က မပြေးနိုင်တဲ့သူ ရှိရင် ကားပေါ် ပြန်လိုက်လာနိုင်အောင် စီစဉ်ထားပေးတာပါ… ဒီကားပေါ်မှာ ကျွန်မ တစ်ယောက် တည်းသာလျှင်ပါ (အရှက်တော့ ကွဲတာပေါ့နော်)
မနက်ပိုင်း ပြီးတော့ နေ့လည်ပိုင်း မှာ တခြား အားကစားနည်းတွေ ဆက်ကစားတာ ပေါ့နော်… ကျွန်မတို့က ပွဲကြည့်ပရိသတ်ပေါ့.. ညနေပိုင်း ရောက်တော့ ဘောလုံးကန်ဖြစ်တယ်.. လေးသင်းပတ်လည် ကန်ရတယ်.. ဘောလုံးကန်တယ် ဆိုတာက ၀တ်စုံပြည့်ကန်တာ မဟုတ်ဘူးနော်.. လမ်းပေါ်မှာ ပဲကန်တာလေ… ကျွန်မက တကယ်ကို ဘောလုံး မကန်တတ်ပါ.. ဘောလုံးပွဲတောင် မကြည့်တတ်သူလေ.. ဒီတော့ ခက်တာပေါ့.. သူငယ်ချင်းတွေက အတင်း ခေါ်နေလို့သာ လိုက်လျောလိုက်ရတယ်… မကန်တတ်တော့ ဂိုးစောင့် တယ်လေ… ဘောလုံး ဂိုးတိုင်က အနိမ့်ဆိုတော့ ခြေထောက်နဲ့ပဲ ဖမ်းရ၊ ကန်ရတယ်လေ.. တကယ်ကို လွဲတာပါပဲ (အရမ်းရယ်ရတယ်၊ ကြောက်လည်း ကြောက်တယ်၊ ရှက်လည်းရှက်တယ်) လူတွေကလည်း ကြည့်နေတယ်လေ.
ပထမတော့ ဒီလိုပဲပေါ့.. နောက်ဆုံး (ပ)၊ (ဒု) လုတဲ့ အချိန်မှာတော့ ကျွန်မကြောင့် (ပ) မရခဲ့ပါ.. ဘောလုံးကို မကန်မိပဲ ကျောက်ခဲပဲ ကန်မိတာ အကြိမ်ပေါင်းမနည်းပေမဲ့ တခါမှ ဂိုးထဲမ၀င်ခဲ့သော ဘောလုံးက (ပ) (ဒု) လုတဲ့အချိန် ကျမှ ကန်တာ မမိသော ဘောလုံးက အလိုအလျောက် ဂိုးထဲဝင်သွားပါလေရော… (ရှုံးပေါ့) (ဒု) ပဲရခဲ့ပေမဲ့ ကျွန်မ၏ သူငယ်ချင်းများက ကျွန်မကို အပြစ် မပြောတဲ့အပြင် အမြဲပဲ ကျွန်မကို ဒီအကြောင်းနဲ့ ပတ်သတ်ပြီး စခဲ့ကြတယ်….
ကျွန်မ ခြေထောက်မှာလည်း ရေကြည်ဖုတွေ အများကြီးပဲ ရခဲ့တယ်.. အဲဒီအချိန်က လမ်းတွေက ကတ္တရာ မခင်းရသေးဘူး၊ လမ်းကြမ်းတွေပဲ ရှိသေးတယ်.. မညီမညာ ကျောက်ခဲတွေနဲ့ဆိုတော့ ခြေထောက်မှာလည်း ဖိနပ်မှ မစီးထားကြတော့ ဒဏ်ရာတွေ အများကြီး ရခဲ့တယ်… ရရချင်း ဆိုတော့ သွေးပူလို့ မနာသေးပါ…. ညရောက်တော့ ထုတ်စီး တိုးရသေးတယ်.. ဗိုလ်လုပွဲလေ… ခြေထောက်က အရမ်းနာနေပေမဲ့ ကျွန်မက ထုတ်စီးတိုးတာကို ၀ါသနာ ပါတယ်ဆိုတော့ နာလည်းအနာခံပြီ ကစားခဲ့တယ်….
ဒီပွဲကတော့ (ပ)ရခဲ့တယ်… ကစားတဲ့ အသင်းတွေ များပေမဲ့ ကျွန်မတို့ အသင်းက လူညီတယ်လေ… ပြီးတော့ အားလုံးက သူငယ်ချင်းတွေ ဖြစ်တော့ ပြောရ ဆိုရတာ အားနာစရာ မလိုတော့ ဟာကွက် မရှိသလို ဖြစ်လို့ အနိုင်ရခဲ့တာပေါ့…. ကျွန်မ ကစားတဲ့အချိန်က ဘာမှမဖြစ်ပေမဲ့ နည်းနည်းကြာလာတော့ခြေထောက်က အရမ်း နာလာပါတယ်…. ဒါနဲ့ပဲ ဆုပေးပွဲ အစီအစဉ် ထိမစောင့်နိုင်တော့ပဲ အိမ်ပြန်လာခဲ့တယ်.. အိမ်ကလည်း ကျွန်မတို့ ကစားတဲ့ နေရာနှင့် မဝေးပါဘူး… ခြေထောက်မှာတော့ ရစရာ မရှိအောင် ဆိုးရွားနေတယ်လေ… ရေကြည်ဖုတွေ ပေါက်ပြီး ဖုန်မှုန့်တွေ ပေနေပြီး အရမ်းနာနေတယ်….
အိမ်ပြန်ရောက်တော့ အမေက ကြည့်ပြီး စိတ်မကောင်းဖြစ်လို့ မနာပါဘူးလို့ မနည်းပြောရတယ်…. အမေက ရေနွေးနဲ့ ဆေးပေးပြီး ဆေးလိမ်းပေးတယ်… သူငယ်ချင်းတွေက ဆု ယူပြီးအိမ်ကို လာပေးတယ် (ဆု) က ခွဲရလွယ်အောင်. ပိုက်ဆံပဲပေးတာလေ… ကျွန်မက မလိုချင်ပါ မယူဘူးဆိုပြီး ငြင်းလို့ သူငယ်ချင်းတွေက စိတ်ဆိုးတယ်လေ… ဒီတော့ အမေကပဲ ကျွန်မကို ယူလိုက်ပါတဲ့လေ…. ကျွန်မလည်း ယူလိုက်ရတယ်…..ကျွန်မ မလိုချင်တာ အမေက သိတော့သူငယ်ချင်းတွေကို အမေ ပေးသလိုမျိုးနဲ့ မုန့်ဖိုး ပြန်ပေးလိုက်တယ်…… ကျွန်မက အပျော် ကစားတာလေ … ဒီ တော့ ကျွန်မ တကယ်ကို ပိုက်ဆံမလိုချင်ခဲ့ပါ.. သူငယ်ချင်းတွေ ပျော်နေတာကို မြင်ရတော့ အရမ်း ၀မ်းသာမိတာနဲ့ပဲ ပျော်ရွင် ကျေနပ်တာ တကယ်ပါ. ခြေထောက်က အမှန်တကယ် အရမ်းနာတာ ကိုယ်ဘာသာပဲ သိတယ်…
မိဘတွေ စိတ်ဆင်းရဲမှာ စိုးလို့ လိမ်ခဲ့ပေမဲ့လည်း နောက်နေ့ လမ်းမလျှောက်နိုင်တော့ ပဲ ခြေထောက်က အရမ်း ရောင်နေပြီး အဖျားလည်း ၀င်နေလို့ ဆေးခန်း သွားခဲ့ရတယ်…. ဆရာဝန်က ဘယ်လိုဖြစ်တာလဲမေးတော့ ဖြစ်တဲ့အတိုင်း ပြောပြတော့ ရယ်လျက် သမီးက အရမ်းပျော့တာကိုးတဲ့လေ…. ကျွန်မက အရမ်း နုတဲ့လူ မဖြစ်ချင်ပေမဲ့လည်း ကံကြမ္မာက ကျွန်မကို သတ်မှတ်ပေးခဲ့တဲ့ အတိုင်းပဲ လူတကာက သတ်မှတ်တဲ့ အတိုင်း လူက နုတာကိုး၊ ပျော့တာကိုး ပြောနေတာ မကြိုက်ပေမဲ့လည်း ဘာမှလုပ်လို့မရခဲ့ပါ… ပိုးသတ်ဆေးတွေ ငါးရက်လောက် ထိုးခဲ့ရတယ်… နေကလည်း မကောင်းတော့ ဘာမှ မလုပ်နိုင်တော့ပါ…. ကျောင်းလည်း ပျက်ခဲ့ရတယ်….. သူငယ်ချင်းတွေရော မိဘတွေရော စိတ်မကောင်း ဖြစ်ခဲ့ရတယ်…..
နောက်နှစ်တွေ ကျွန်မကို ဘယ်သူငယ်ချင်းကမှ ကစားရန်မခေါ်တော့ပါ၊ အိမ်ကလည်း မကစား ခိုင်းတော့ဘူး၊ ကျွန်မ နောက်ဒီလို အခွင့်အရေးမရတော့ပါ…. ကျွန်မ မေ့မရတာက အရမ်း ပျော်စရာကောင်းလို့ပါ… ကျွန်မကမှ တခါမှ မကစားခဲ့ရလို့ နဲ့ တူတယ်နော်….
အဲဒီအချိန်က ကျွန်မကြောင့် စိတ်ညစ်ခဲ့ရသော လူတွေကိုတော့ စိတ်မကောင်းပေမဲ့လည်း ကျွန်မအတွက် မေ့မရစရာ ဖြစ်ခဲ့ပါတယ်….
အခုဒီနေ့ ဆိုရင် ရပ်ကွက်ထဲ ကစားပွဲတွေ ကျင်းပနေတာကို မမြင်နိုင်တော့ပါ….
နှစ်စဉ်နှစ်တိုင်း မပြောင်းသောအရာတွေက လုပ်မြဲလုပ်နေကြ သော်လည်း ပြောင်းလဲသွားသော သူတွေကိုတော့ မှတ်မိနိုင် မယ်မထင်ပါ…. အဝေးရောက်နေသဖြင့်အရမ်းသတိရမိနေတယ်…………
ယနေ့မှစ၍ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင် အောင်မြင်နိုင်ကြပါစေ..

No comments:
Post a Comment